اقْرَأْ بِاسْمِ رَبِّكَ الَّذِي خَلَقَ (1)

(အို-နဗီတမန်တော်) အသင်သည် မိမိ အရှင်မြတ်၏နာမံတော်ဖြင့် (အစပြု၍) ဖတ်ပါလေ။ ထို အရှင်မြတ်သည် (သက်ရှိသက်မဲ့ အရာခပ်သိမ်းတို့ကို) ဖန်ဆင်းတော်မူခဲ့၏။

خَلَقَ الْإِنْسَانَ مِنْ عَلَقٍ (2)

ထိုအရှင်မြတ်သည် လူသားကို သွေးခဲဖြင့် ဖန်ဆင်းတော်မူခဲ့၏။

اقْرَأْ وَرَبُّكَ الْأَكْرَمُ (3)

(အို-နဗီတမန်တော်) အသင်သည် ဖတ်ပါ လေ။ စင်စစ် အသင့်အား ဖန်ဆင်းတော်မူသော အရှင်မြတ်သည် အလွန်ရက်ရောစွာ ပေးကမ်း ချီးမြှင့်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

الَّذِي عَلَّمَ بِالْقَلَمِ (4)

အကြင်အရှင်မြတ်သည် ကလောင်ဖြင့် သင်ကြားပေးတော်မူခဲ့၏။

عَلَّمَ الْإِنْسَانَ مَا لَمْ يَعْلَمْ (5)

ထိုအရှင်မြတ်သည် လူသားတို့အား ၎င်းတို့ မသိခဲ့သောအရာများကို သင်ကြားပေးတော်မူခဲ့ပေသတည်း။

كَلَّا إِنَّ الْإِنْسَانَ لَيَطْغَىٰ (6)

မှတ်ယူကြလေကုန်၊ ဧကန်မလွဲ လူသည် ဆိုးသွမ်း ပုန်ကန်လေ့ရှိ၏။

أَنْ رَآهُ اسْتَغْنَىٰ (7)

၎င်းသည် မိမိကိုယ်ကို လိုလားတောင့်တခြင်း ကင်းမဲ့သည်ဟု ထင်မြင်သောကြောင့်။

إِنَّ إِلَىٰ رَبِّكَ الرُّجْعَىٰ (8)

ဧကန်မလွဲ(အားလုံးတို့၏) ပြန်လည်ရောက်ရှိခြင်းသည် အသင်၏ အရှင်မြတ်အထံတော်သို့သာလျှင် ဖြစ်သည်။

أَرَأَيْتَ الَّذِي يَنْهَىٰ (9)

(အို-နဗီတမန်တော်) အသင်သည် အကြင်သူအား မြင်ခဲ့လေသလော။ ထိုသူသည် တားမြစ်၏။

عَبْدًا إِذَا صَلَّىٰ (10)

(အလ္လာဟ်အရှင်မြတ်၏) ကျွန်တစ်ပါးအား ထိုကျွန်သည် ဆွလာတ်ဝတ်ပြုသောအခါဝယ်။

أَرَأَيْتَ إِنْ كَانَ عَلَى الْهُدَىٰ (11)

(အို-နဗီတမန်တော်) အသင်သည် (ထိုလူ၏အခြေအနေကို) ပြောပြပါလေ။ အကယ်၍ ၎င်းသည် တရားလမ်းမှန်ပေါ်၌ရှိခဲ့မူ။

أَوْ أَمَرَ بِالتَّقْوَىٰ (12)

သို့တည်းမဟုတ် ၎င်းသည် (ပြစ်မှုများမှ) ကြဉ်ရှောင်ရန် အမိန့်ပေးခဲ့မူ (မကောင်းပါလော)။

أَرَأَيْتَ إِنْ كَذَّبَ وَتَوَلَّىٰ (13)

(အို-နဗီတမန်တော်) အသင်သည်(ထိုသူ၏အခြေအနေကို) ပြောပြပါလေ။ အကယ်၍ ၎င်းသည် (နဗီတမန်တော်အား) မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ပြီးနောက် (အီမာန်သက်ဝင်ယုံကြည်ခြင်းမှ) မျက်နှာလွှဲဖယ်ခဲ့သော် (မည်သူအကျိုးယုတ်အံ့နည်း)။

أَلَمْ يَعْلَمْ بِأَنَّ اللَّهَ يَرَىٰ (14)

အလ္လာဟ်အရှင်မြတ်သည် ဧကန်အမှန် ရှုမြင်တော်မူသည်ကို ထိုသူသည် မသိခဲ့လေသလော။

كَلَّا لَئِنْ لَمْ يَنْتَهِ لَنَسْفَعًا بِالنَّاصِيَةِ (15)

မှတ်ယူလော့၊ အကယ်၍ ထိုသူသည် (မိမိ အပြုအမူကို) မရပ်စဲခဲ့သော်၊ ဧကန်မလွဲ ငါအရှင်မြတ်သည် (၎င်း၏) ဦးစွန်းကိုကိုင်၍ ဆွဲတော်မူမည်။

نَاصِيَةٍ كَاذِبَةٍ خَاطِئَةٍ (16)

(ထိုဦးစွန်းကား) မုသားပြောဆိုလေ့ရှိသော၊ ပြစ်မှုကျူးလွန်လေ့ရှိသော ဦးစွန်းပင်။

فَلْيَدْعُ نَادِيَهُ (17)

သို့ဖြစ်ပေရာ ၎င်းသည် မိမိ၏အခြွေအရံများကို ခေါ်ယူစေ။

سَنَدْعُ الزَّبَانِيَةَ (18)

ယခုပင် ငါအရှင်မြတ်သည်လည်း ငရဲစောင့် ကောင်းကင်တမန်တို့ကို ခေါ်ယူတော်မူမည်။

كَلَّا لَا تُطِعْهُ وَاسْجُدْ وَاقْتَرِبْ ۩ (19)

အလျှင်းမဟုတ်၊ (အို-နဗီတမန်တော်) အသင်သည် ၎င်း၏စကားကို မလိုက်နာလေနှင့်၊ ထို့ပြင် အသင်သည်(အလ္လာဟ်အရှင်မြတ်အား) "စဂျ်ဒဟ်" ပျပ်ဝပ်ဦးချပါလေ။ ၎င်းပြင် အသင်သည် (ဝတ်ပြုခြင်းအားဖြင့် ထိုအရှင်မြတ်အပါးတော်သို့) ချဉ်းကပ်ပါလေ။